လပွတ္တာမြို့နယ်၌ ပိုးတွေ့လူနာ(၁၆)ဦး တွေ့ရှိ

လပွတ္တာ ဒီဇင်ဘာ ၁၁

ဧရာ၀တီတိုင်းဒေသကြီး လပွတ္တာခရိုင်အတွင်း မြို့ပေါ်နှင့် ကျေးရွာများမှ ပိုးတွေ့လူနာ (၁၆)ဦးရှိကြောင်း ယမန်နေ့ နံနက်ပိုင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ကြေးနန်းအရ သိရသည်။

လပွတ္တာမြို့နယ် အမှတ်(၉)ရပ်ကွက် ကိုဗစ်-၁၉ နှင့် သေဆုံးခဲ့သူနှင့် ထိတွေ့ခဲ့သည့် မိသားစု၀င် ဆွေမျိုး (၆)ဦး၊ (၉)ရပ်ကွက်(၄)လမ်း ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူ(၁)ဦး၊ ရန်ကုန် တိုင်းဒေသကြီး မြို့နယ်အသီးသီးမှ နေရပ်ပြန်(၄)ဦးနှင့် မြို့ပေါ်မှ(၄)ဦး စုစုပေါင်း (၁၆)ဦးအား လပွတ္တာ(၃)မိုင်မြို့၊ ဆေးရုံအုပ်ကြီး ဒေါက်တာ အိသန္တာထွေးနှင့် ကျန်းမာရေး၀န်ထမ်းများမှ Swab နမူနာယူပြီး ဗဟိုအမျိုးသား ကျန်းမာရေးဌာန (N-H-L)၏ ပြန်ကြားချက်အရ ၄င်းတို့ (၁၆)ဦးမှာ Positive ဖြစ်ကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ Positive အခြေအနေမှာ ဆေးရုံဆင်း(၅၃)ဦး၊ သေဆုံး(၁)ဦး၊ ကုသဆဲ (၄၈)ဦး စုစုပေါင်း(၁၀၂)ဦး ရှိကြောင်း မြို့နယ်ကြေးနန်းအရသိရသည်။

၀င်းကျော်မြင့်(ပြန်/ဆက်)