မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ပွင့်ဖြူ       ဒီဇင်ဘာ          ၁၁


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ထိရောက်စွာ ကာကွယ်ထိန်းချုပ်သွားနိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် မြို့နယ်အဆင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက် ၊ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က လက်ရှိဖြစ်ပွားနေသည့် ကိုဗစ် - ၁၉ ရောဂါသည် ကူးစက်ပြန့်ပွားမှုနှုန်း လျင်မြန် သည့်အတွက် မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ် ကင်းဝေးစေရန်နှင့် ထိရောက်စွာ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ခေါ်ယူကျင်းပရခြင်းဖြစ်ကြောင်း ၊ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များ ၊  မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များအနေဖြင့် မြို့နယ်အတွင်း ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ယခုထက် ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က မြို့နယ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကော်မတီ ရန်ပုံငွေမှ ထုတ်ယူသုံးစွဲခဲ့သော ငွေစာရင်းရှင်းတမ်းများကို ချပြရှင်းလင်း ဆွေးနွေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် က ကျန်းမာရေးဌာနအနေဖြင့် မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများ ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို အပတ်စဉ်             (RDT) Test Kits ဖြင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှုများ ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူ လူထု လိုက်နာ ဆောင်ရွက်နိုင်ရေး Mask Campaign အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များ ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်း အဖွဲ့ဝင်များက မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နိုင်ငံတော်မှ အတည်ပြုသတ်မှတ်ထားသော Stay at Home မြို့နယ်များမှ နေရပ်ပြန်လာသူများကို Facility Quarantine စနစ်တကျ ထားရှိနိုင်ရေး ၊ ပြည်သူများ အပြင်သွားလာရာ တွင် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်သွားလာရန် အသိပညာပေးလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်များ ၊ အခြား တိုင်းဒေသကြီး /ပြည်နယ်များရှိ မြို့နယ်များမှ ဝင်ရောက်လာသော ပြည်သူများအား သက်ဆိုင်ရာကျန်းမာရေး ထောက်ခံချက်    ပါ ၊ မပါ ကြပ်မတ်စစ်ဆေးခြင်းနှင့် ရောဂါပိုး ရှိ/မရှိ (RDT) Test Kits ဖြင့် ကျန်းမာရေး စစ်ဆေးရန် ကိစ္စရပ်များ ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာတွင် Facility Quarantine ထားရှိရေးတို့ကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူ များ၏ အကြံပြုတင်ပြဆွေးနွေးချက်များအပေါ် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင် က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။  
 ရဲဝင်းနိုင် ( ညောင်ဦး )