ဖျာပုံမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

ဖျာပုံမေ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံးခန်းမ၌ စတင်ထုတ်ချေးပေးခဲ့သည်။
အဆိုပါ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးရခြင်းနှင့်ပတ်သက်၍ အဖွင့် အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)မှ အထွေထွေမန်နေဂျာ ဦးအောင်ကျောဦး၊ ဒုတိယအထွေထွေမန်နေဂျာ ဦးမျိုးမြင့်ဦး၊ ဒုတိယအထွေထွေမန်နေဂျာ ဦးမိုးဟိန်း၊ ဖျာပုံခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်မန်နေဂျာ ဦးခင်မောင်ဝင်း နှင့် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းတို့က ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စုမှ တောင်သူ (၁၁၄)ဦး၊ စိုက်ပျိုးမြေ ဧက (၁၀၉၆)ဧကအတွက် တစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေကျပ် (၁)သိန်းခွဲနှုန်းဖြင့် စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်း(၁၆၄၄)သိန်းအား တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြသည်။
ဖျာပုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၀)အုပ်စုရှိ တောင်သူ (၃၀၀၀)ဦး၏ စိုက်ပျိုးဧက (၃၀၇၄၅)ဧက အတွက်စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း(၄၆၁၁၇.၅၀)အား မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ထုတ်ချေးပေးနိုင်ရေးလျာထားဆောင်ရွက်ထားပြီးဖြစ်ကြောင်း အချိန်စေ့လွန်ကြွေးကျန်များနှင့် အချိန်စေ့ကြွေးများအားလုံး ပြေကျေသူများကို ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ချေးငွေရာနှုန်းပြည့်ပြေကျေသော ကျေးရွာအုပ်စုများကို ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)