ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကျင်းပ

မြဝတီ   မေ   ၂၀

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယခုနှစ်ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်း ပလပ်စတစ် ညစ်ညမ်းမှု အဆုံးသတ်ရေး ပူးပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဟူသည့် ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက မြဝတီမြို့၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် (၇) ဦး၊ အလယ်တန်းအဆင့် (၅) ဦး၊ မူလတန်းအဆင့် (၄) ဦးနှင့် ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် (၃)ဦး၊ အလယ်တန်းအဆင့် (၉) ဦး၊ မူလတန်းအဆင့် (၃) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၁) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို မြဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းနှင့် မြို့နယ်ပညာရေးမှူး ဦးမိုးကျော်တို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ဆုရရှိသူများကို ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက် မည့် အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)