ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်

ထားဝယ် မေ ၂၀

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား၀န်ထမ်းများ လက်မှုပညာရပ်ဖြင့် အခမ်းအနားများတွင် ကူညီဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ လက်မှုပညာရပ်ဖြစ်သည့် ပန်းအလှထိုးနည်း သင်တန်းကို ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းတွင်ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် နည်းပြဒေါ်ချိုမာသက်က အလှဆင်ပန်းများ၏အခြေခံ သဘောတရားများ၊ အပူအအေး အရောင်တွဲစပ်နည်းများ၊ အိမ်တွင်းပန်းအလှဆင်ခြင်း၊ မင်္ဂလာပွဲ၊ ဂုဏ်ပြုပွဲ၊ ညစာစားပွဲများ၊ ပန်းအလှဆင်ခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြဒေါ်ချိုမာသက်က ဝန်ထမ်းနှင့်မိသားစုဝင်များအားအလှပန်းထိုးနည်း၊ စားပွဲတင်ပန်း အလှထိုးနည်း၊ လက်ကိုင်ပန်းထိုးနည်း၊ အခမ်းအနား၊ အလှူမင်္ဂလာဆောင်များတွင် ပန်းအလှဆင်ထိုးနည်းများကို လက်တွေ့သင်ကြားပေးသည်။

မိမိတို့ဝါသနာပါသည့် ပန်းအလှထိုး လုပ်ငန်းများကို လေ့လာနိုင်ပြီး စိတ်ပါဝင်စားစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ မိမိတတ်ကျွမ်းထားသည့် ပညာရပ်များကို ကောင်းကျိုးရှိရှိ ကြံဆအသုံးပြုတတ်နိုင်စေရေးတို့အတွက်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်ထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)