ရေဖြူမြို့တွင် မိုးရာသီ၌ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်

ရေဖြူ မေ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်၍ မြို့အဝင်အထွက်နှင့်မြို့တွင်း သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများကို ယခု မေလ ၂၀ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဖြူမြို့နယ် ရေး-ထားကားလမ်း‌ဘေး ဝဲယာရှိ မြို့အဝင်အထွက်တွင် ထန်းပင်များအောက်ရှိ ထန်းလက်များ ရှင်းလင်းသိမ်းဆည်းခြင်း၊ မြို့အဝင်လမ်းတလျှောက် လမ်းသွားလမ်းလာများ၏ စွန့်ပစ်အမှိုက်များသိမ်းဆည်းခြင်း၊ ဆေးရုံလမ်းပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ Landscaping အတွင်း ပန်းအလှပင်များကြား ပေါင်းမြက်နှုတ်ခြင်း၊ မြံဟေဝန်ပန်းခြံအတွင်း မြက်ဖြတ်ခြင်း၊ ပန်းအလှပင်များစိုက်ပျိုးခြင်း၊ ရေဖြူအရှေ့ဈေးဧရိယာအတွင်း မြက်ဖြတ်ခြင်း၊ နဝဒေးလမ်းနှင့် မြို့အထွက်ဆိုင်းဘုတ်အနီးတို့တွင် မြက်ဖြတ်ခြင်းစသည့်လုပ်ငန်းများဖြင့် မိုးရာသီ၌ မြို့စိမ်းလန်းစိုပြေသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရေဖြူ (ပြန်/ဆက်)