ကော့သောင်းမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် သင်ကြားသင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲပြုလုပ်

ကော့သောင်း  မေ ၂၀

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်  ကော့သောင်းမြို့နယ်အဆင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် သင်ကြား သင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့် ဘာသာရပ်အလိုက်ဆွေးနွေးပွဲများကို  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မေလ(၁၈)ရက်နေ့မှစတင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အလယ်တန်းနှင့်မူလတန်း အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို မေလ (၁၈)ရက်နေ့မှ (၂၀)ရက်နေ့ထိ (၃)ရက်တာ ဖွင့်လှစ်‌ဆောင်ရွက်သွားမည်ဖြစ်ပြီး မူလတန်းနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမများက နည်းပြဆရာ၊ ဆရာမများနှင့်အတူ သင်ကြားသင်ယူမှု အရည်အသွေးတိုးတက်မြင့်မားလာစေရန် ဘာသာရပ်အလိုက် သင်ကြားမှုထိရောက်စေရေး စာတွေ့လက်တွေ့များဖြင့် အပြန်အလှန် သင်ကြား၊ ဆွေးနွေးဆောင်ရွက်လျက်ရှိကြသည်။

 ဆရာ၊ဆရာမများအနေဖြင့် မိမိသင်ကြားသည့်ဘာသာရပ်အပေါ်တွင် အမြဲတမ်းနိုးနိုးကြားကြား၊ တက်တက်ကြွကြွရှိပြီး အမြဲတမ်းလေ့လာမှုရှိ‌စေရန်၊ နည်းပြဆရာ၊ ဆရာမများနှင့်အတူ‌ ဝိုင်း‌ဝန်း အကြံပြုဆွေးနွေးခြင်းဖြင့်  အကြံဉာဏ်သစ်၊နည်းစနစ်သစ်များရရှိပြီး သင်ကြားသင်ယူမှု ထိရောက်စေပြီး သင်ကြားမှုလုပ်ငန်းများ အရည်အသွေးတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ အဆိုပါ ဆွေးနွေးပွဲကိုဖွင့်လှစ်‌ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)