ကြံခင်း မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်း ပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ပြည့်စုံလာစေရန်နှင့် စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာတတ်စေရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက ပန်းချီသင်တန်း (အခမဲ့)ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က သားငယ်၊ သမီးငယ်များ ဗလငါးတန်ပြည့်စုံလာစေရန်အတွက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လစဉ်သင်တန်းများ၊ ကာယ၊ ဉာဏ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပြည်သူ့စာကြည့်တိုက် Face Book Page Online မှတဆင့် ကာတွန်း၊ ကဗျာ၊ ပုံပြင်များ ဖတ်ပြခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင်သင်တန်းနည်းပြဆရာမ ဒေါ်ဆန်းဆန်းသစ်က ကျောင်းသား၊ ကျောင်းသူများ ပန်းချီရေးဆွဲရာတွင် အခြေခံအရောင်များအကြောင်းအားလည်းကောင်း၊ ရေးဆွဲရာတွင် လိုအပ်သည်ပစ္စည်းများ၊ ဆေးရောင်ခြယ်နည်းများကိုပြောကြားပြီး သင်တန်းပထမနေ့တွင် သင်တန်းသား၊ သင်တန်းသူများအား ကာလသဘောတရားကို သိရှိစေရန် ဆေးရောင်ခြယ်ခြင်းကို သင်ကြားပေးခဲ့သည်။
အဆိုပါ ပန်းချီ(အခမဲ့)သင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး တက်ရောက်သင်ကြား လျက်ရှိပြီး သင်တန်းကာလမှာ မေလ(၂၀)ရက်နေ့မှ မေလ (၂၅) ရက်နေ့အထိ နံနက် (၈) နာရီမှ (၁၀) နာရီထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)