သာပေါင်းမြို့နယ်တွင်၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေးလျက်ရှိ

သာပေါင်း မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက် ၁၀ နာရီအချိန် သစ်ပုတ်ကုန်းကျေးရွာအုပ်စုမှ စတင်ထုတ်ချေးပေးခဲ့သည်။

သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာဦးဇင်မင်းသိုက်က ပထမဆုံးချေးငွေထုတ်ချေးသည့် တောင်သူများနှင့်တွေ့ဆုံ အဖွင့်အမှာစကားပြောကြားရာ ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သတ်၍ လိုက်နာရမည့် စည်းကမ်းချက်များ၊ စိုက်ပျိုးစရိတ်ချေးငွေ စာချုပ်ပါ အချက်(၈)ချက်အား အကျယ်တဝင့် ရှင်းလင်းခြင်း၊ တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး‌နောက် သစ်ပုတ်ကုန်းကျေးရွာအုပ်စုရှိ တောင်သူ(၁၂၀)ဦး၏ စိုက်ပျိုးဧက(၉၈၇)အတွက် ချေးငွေ(၁၄၈၀၅၀၀၀၀)သိန်းကို တောင်သူများလက်ဝယ်သို့ ထုတ်ချေးပေးခဲ့သည်။

နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း ကြွေးကျန်များပေးဆပ်ပြီးပါက ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု(၅၉) အုပ်စုရှိ တောင်သူ(၅၆၃၀၉)ဦးခန့်တို့၏ လယ်ယာမြေ ဧက(၃၆၃၄၄)အတွက် ကျပ် (၅၄၅၁၆၆.၀၀)သိန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ငွေချေးရန် လျာထားကြောင်းတို့ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ၊ မြို့နယ်မန်နေဂျာ ဦးဇင်မင်းသိုက်ထံမှ သိရသည်။

သိန်းမြင့်မျိုးဦး( ပြန်/ဆက်)