ပခုက္ကူ မေ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ချုပ်နည်းပညာသင်တန်း(အခြေခံ)ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းစည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပခုက္ကူမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှဌေးမြင့်က သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများပေးအပ်ပြီး တာဝန်ရှိသူများက သင်တန်းကာလအတွင်း အသုံးပြုမည့် စက်ချုပ်နည်းပညာဆိုင်ရာပစ္စည်းများ၊ ယခင်သင်တန်းသူများကိုယ်တိုင် ရေးဆွဲချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၅)ဦး တက်ရောက်မည်ဖြစ်ပြီး အခြခံသင်တန်းကို မေလ၂၀ ရက်မှ ဇွန်လ ၁၆ ရက်နေ့အထိလည်းကောင်း၊ မွမ်းမံသင်တန်းကို ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့အထိလည်းကောင်း၊ စက်ချုပ်နည်းပညာဆိုင်ရာဘာသာရပ် (၁၂)မျိုးစီကို စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများမှ စက်ချုပ်နည်းပညာကို အမှန်တကယ်စိတ်ဝင်စားပြီး လုပ်ငန်းထူထောင်လုပ်ကိုင်သူ ငါးဦးအားရွေးချယ်၍ တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့်ညီမျှသော လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)