ထားဝယ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းခရိုင်/မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ

ထားဝယ်  မေ ၂၀

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းခရိုင်/မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ပညာရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတများ မျှဝေပြောကြားပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံရေးလုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်ပြီး ဇွန်လ (၂) ရက်နေ့တွင် ကျောင်းဖွင့်လှစ်ပြီးသင်ကြားသင်ယူမှုလုပ်ငန်းများကို စတင်ကြရမည်ဖြစ်ကြောင်း၊ ဆရာ/ မများသည် အနန္တဂိုဏ်းဝင်ဆရာ၊ ဆရာမများဖြစ်သောကြောင့် လေးစားဂုဏ်ယူစရာကောင်းကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်ချက်နှင့် ပတ်သက်ပြီး ၂၀၂၄ ခုနှစ် တနင်္သာရီတိုင်းဒေသကြီးအောင်ချက်မှာ (၄၈.၃၈%)ဖြစ်ပြီး ထားဝယ်ခရိုင်အောင်ချက်မှာ (၄၈.၇၁%) ရရှိခဲ့သဖြင့် ယခု ၂၀၂၅ ခုနှစ်မှာ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ရပါကြောင်း၊ နောင်နှစ်များတွင် အောင်ချက် ပိုမိုတိုးတက်နိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲတွေကို ကျင်းပပေးနိုင်ရန် လိုအပ်ကြောင်း၊ အနန္တဂိုဏ်းဝင်ဆရာ၊ ဆရာမများက နာသုံးနာလက်ကိုင်ထား၍ ကျောင်းသား၊ ကျောင်းသူများအပေါ် မိဘသဖွယ်စိတ်ဓာတ်ဖြင့် သင်ကြားရေးတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများသည် စေတနာကိုအရင်းခံပြီး ဝါသနာနှင့်အတူ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား အတတ်ပညာသင်ကြားပို့ချပေးရန် လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ တိုင်းချစ်ပြည်ချစ်ပြည်ထောင်စုစိတ်ဓာတ်များ၊ နိုင်ငံတော်ကအားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများ၊ လူရည်ချွန်များ၊ ပညာပြည့်ဝနှလုံးလှသော လူသားကောင်းများဖြစ်အောင် မွေးထုတ်ပေးကြရန်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားအောင်  ကြိုးစားပေးကြရန်  ပညာရေးကဏ္ဍ၏ထူးချွန်အောင်မြင်မှုများဖြင့် တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာကိုမြှင့်တင်နိုင်အောင် ပိုမိုကြိုးပမ်းပေးကြရန်လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျန်းမာရေးအား အလေးထားဂရုစိုက်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူးဦးဝင်းနောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများက စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းအဆင့် သင်တန်းသား ၉၅၈ ဦး၊ နည်းပြ ၉၂ ဦး၊ အလယ်တန်းအဆင့် သင်တန်းသား ၁၀၈၁ ဦး၊ နည်းပြ ၂၁၀ ဦး၊ မူလတန်းအဆင့် သင်တန်းသား ၁၄၈၄ ဦး၊ နည်းပြ ၁၂၅ ဦး တို့က မေလ (၁၈) ရက်မှ (၂၀) ရက်အထိ ဘာသာရပ်အလိုက် အတန်းအလိုက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)