မကွေး ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရေးနှင့် တောင်သူသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး တို့အတွက် ကျေးရွာအုပ်စု(၃)အုပ်စုမှ ဒေသခံတောင်သူများ၏ မိုးစပါးစိုက် လယ်မြေများတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ် ထောက်ပံ့မှုအရ ဧရာမင်းမိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၀ ရက် ယနေ့နံနက် ၈ နာရီခွဲက မကွေးမြို့နယ် မြင်ကွန်းကျေးရွာ ကွင်းအမှတ်(၁၇၄၅)တောင်သူ ဦးကျော်ငြိမ်း၏ စိုက်ဧက(၂.၀၀)၌ စိုက်ပျိုးထားသည့် ဧရာမင်းမိုးစပါး လယ်ကွက်တွင် စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြဆောင်ရွက်ခဲ့သည်။
ကွင်းသရုပ်ပြပွဲတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလင်းမြတ်က ဧရာမင်း မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးမှုဆိုင်ရာများနှင့်ပတ်သက်၍ စံကွက်ရိတ်သိမ်းပွဲသို့ လာရောက် လေ့လာသည့် တောင်သူများအား အသိပညာပေး အမှာစကားပြောကြား ပြီး၊မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးခိုင်မင်းက စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြဆောင်ရွက်ခဲ့ခြင်း ရည်ရွယ် ချက်၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ မြေဩဇာစနစ်တကျသုံးစွဲရေး၊ အရည်အသွေးကောင်း မွန်သော မျိုးသန့်မျိုးစေ့ထုတ်ခြင်းဆိုင်ရာများနှင့် သတ်မှတ်အထွက်နှုန်းကောင်းမွန်စေရေး တို့ အတွက် တောင်သူအသိပညာပေး ရှင်းလင်းပြောကြား ကာ စံကွက်ရိတ်သိမ်း ဆောင်ရွက်မှုအား တောင်သူများနှင့်အတူ လေ့လာကြည့်ရှုခဲ့ကြသည်။
မကွေးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ် ထောက်ပံ့မှု အရ ဧရာမင်းမိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးခြင်းကို မြင်ကွန်းကျေးရွာ အုပ်စုတွင်(၈၅.၀၀)ဧက၊ သဖန်းဆိပ် ကျေးရွာတွင်(၃၅.၀၀)ဧကနှင့်မြင်းကင်းကျေးရွာတွင် စိုက်ဧက(၅.၀၀)ဧက စုစုပေါင်း (၁၂၅.၀၀)ဧကကို စိုက်ပျိုးဆောင်ရွက်ပြီး ယနေ့ စံကွက်ရိတ်သိမ်းခဲ့သည့် မြင်ကွန်းကျေးရွာမှ တောင်သူ ဦးကျော်ငြိမ်း၏ စိုက်ဧက(၂.၀၀)၌ စံကွက်ရိတ်သိမ်းဆောင်ရွက်မှုအရ (၁)ဧက အထွက် နှုန်း အစိုထွက် ၁၀၁.၅၆တင်း၊ အခြောက်ထွက်(၉၁.၄၁)တင်း ထွက်ရှိကြောင်း သိရှိရ သည်။
သန်းနိုင်ဦး(ငဖဲ)