ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ

ထားဝယ် မေ ၂၀

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ထားဝယ်ပညာရေးဒီဂရီကောလိပ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေပြီး အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများနှင့် ပြည်သူအားလုံး၏ လိုက်နာပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာက ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအား ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်အကြောင်း သိကောင်းစရာများနှင့် မူးယစ်ဆေးဝါးအကြောင်းတို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးဦးအောင်နိုင်နှင့် အမှတ် (၁၁) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့(ခွဲ) ရဲမှူးထွန်းနိုင်အောင်တို့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လိုက်နာရမည့်အချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ လမ်းညွှန်လမ်းအမှတ်အသား၊ အချက်ပြများ၊ ဆောင်ရန်၊ ရှောင်ရန် များနှင့်သိရှိလိုက်နာရမည့် အချက်များအား ရှင်းလင်းဆွေးနွေးဟောပြောသည်။

ထို့နောက် တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ထားဝယ်ပညာရေးဒီဂရီကောလိပ်အတွက် အာဟာ ရဒါနအဖြစ် ကြက်ဥနှင့် စားသောက်ကုန်အားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာ ဝန်ကြီးနှင့်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က လှူဒါန်းငွေ (၅) သိန်းကျပ်အားလည်းကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ဟောပြောပွဲသို့ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများ တက်ရောက်ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)