ထားဝယ် မေ ၂၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်(စ)တွင်ပင်လယ်ကမ်းရိုးတန်းရှိ တိုင်းဒေသကြီး/ပြည်နယ် များတွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူခြင်းဆိုင်ရာလမ်းညွှန်စာအုပ်အားအသုံးပြု၍ အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းကို မေလ ၁၈ ရက်နေ့က ပထမအကြိမ် ထားဝယ်မြစ် ကမ်းနား လမ်းဘေးရှိပြည်သူ့အပန်းဖြေရင်ပြင်နှင့် ထားဝယ်မြစ်ဒီရေကျချိန်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနေ့အကြိုအဖြစ် ပြည်သူ့အပန်းဖြေရင်ပြင်နှင့် ထားဝယ်မြစ်နံဘေးကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး အမှိုက်ကောက်ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ပူးပေါင်းအဖွဲ့များက အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူခြင်းဆိုင်ရာလမ်းညွှန်စာအုပ်အား အသုံးပြု၍ အမှိုက်ကြီး ၃၅ အုပ်စု၊ အမှိုက်သေး ၈ အုပ်စုအား ခွဲခြားကောက်ယူခဲ့ပါကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)