လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ သူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်/ စာစောင်များ လာရောက်ငှားရမ်းဖတ်ရှု

လိပ်သို မေ ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နွေရာသီအားလပ်ရက်၌ ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာပေများ စိတ်ပါဝင်စားစွာ လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိနေကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်စာအုပ်များ၊ အပတ်စဉ်ထုတ်ရွှေသွေးဂျာနယ်၊ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်စာအုပ်များကို စုံစုံလင်လင် ဖတ်ရှုနိုင်သည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆွေးနွေးပွဲများ၊ Talk Show အစီအစဉ်များနှင့် ပြိုင်ပွဲများပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို ကလေးများ စာပေဖတ်ရှုလေ့လာနိုင်စေရန်အတွက် သီးသန့်ဆောင်ရွက်ထားပြီး ကလေးများစိတ်ကြိုက်ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အရုပ်ဆက်ခြင်း၊ စွမ်းရည်ပြိုင်ပွဲများ စသည့် ကာယ၊ ဉာဏ ဖွံ့ဖြိုးတိုးတက်စေမည့် ပြိုင်ပွဲများကို လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်