တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း သင်ကြားပို့ချ

တောင်တွင်းကြီး မေ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို မေလ ၁၈ ရက်နေ့မှ စတင်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကိုမြို့နယ်အဆင့် (အလယ်တန်း၊ မူလတန်း)အဆင့်ရှိ ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက်သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်နှင့် သတ်မှတ်ထားသောစံညွှန်းကိန်းများ တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၄၆၉)ဦး၊ မူလတန်းအဆင့် ဆရာ၊ ဆရာမ(၁၀၆၆)ဦး၊ စုစုပေါင်း ဆရာ၊ ဆရာမ(၁၅၃၅)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ သုံးရက်တာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)