တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

တောင်တွင်းကြီး မေ ၂၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တောင်ပြင် (၂) မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေသူမောင်မောင်၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်မြနွယ်နှင့် အဖွဲ့ဝင်များ၊ women club အဖွဲ့ဝင်များက မသန်စွမ်းသူများ၏ အခွင့်အရေးများအကြောင်း၊ မသန်စွမ်းအမျိုးအစားများ၊ မသန်စွမ်းသင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများအကြောင်း၊ အဆိုပါ သင်တန်းကျောင်းများတွင် သင်ကြားပေးသည့် ပညာရပ်များအကြောင်း၊ မသန်စွမ်းသူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား တက်ရောက် လာကြသူများက စိတ်ဝင်တစား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)