ပွင့်ဖြူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပွင့်ဖြူ မေ ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း  သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့က ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား တစ်အိမ်တက်ဆင်းသွားရောက်ပြီး မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်ရှောင်ရန်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဆောင်ရွက်ရန်နှင့် ခြင်/ ပိုးလောက်လန်း မပေါက်ပွားစေရေး ပြုလုပ်ရမည့်အချက်များကို အသိပညာပေးဆွေးနွေးဟောပြော၍ နေအိမ်ခြံဝန်းများရှိ ရေသိုလှောင်ထားသည့် အုတ်ရေကန်၊ စဉ့်အိုး ၊ စဉ့်ခွက်များတွင် ခြင်၊ ပိုးလောက်လန်းပေါက်ပွားမှုမရှိစေရေး အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်း၍ ဒေသခံပြည်သူများကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းနှင့် ခြင်/ ပိုးလောက်လန်းနှိမ်းနင်းရေး အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)