ငဖဲ မေ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံစေရေး ဆောင်းသီးနှံများ စိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံ မြေပဲ ၁၇၂ ဧက ရာနှုန်းပြည့်နှုတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျင် ၆၀.၅၁ တင်းနှုန်းထွက်ရှိကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက တွန်တာနီမြေပဲမျိုး ၉၆ ဧက၊ မကွေး-၁၆ မျိုး ၇၅ ဧကနှင့် ဗီယက်နမ်မျိုး ၁ ဧက စုစုပေါင်း ၁၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မြေပဲစိုက်ခင်းတွေကို တောင်သူတွေက နွေသီးနှံများပြန်လည်စိုက်ပျိုးရန် ဇန်နဝါရီလက စတင်နုတ်သိမ်းခဲ့ရာ အခုချိန်ထိ ၁၇၂ ဧက ရာနှုန်းပြည့် နုတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ တစ်ဧကကို ၆၀.၅၁ တင်းနှုန်းထွက်ရှိပြီး စုစုပေါင်း ၁၀၄၀၈ တင်းရရှိရာ မြေပဲတစ်တင်းလျင် ငွေကျပ်လေးသောင်းနှုန်းဖြင့်ရောင်းချရကြောင်း၊ မြေပဲနှုတ်သိမ်းရာတွင် အထွက်နှုန်းလျော့နည်းမှုနှင့် လေလွင့်ဆုံးရှုံးမှုမရှိရေး စနစ်တကျ နှုတ်သိမ်းဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်သိန်းက ပြောကြားသည်။
မြေပဲစိုက်တောင်သူများကို အထွက်နှုန်းကောင်းသော မျိုးသန့်မျိုးစေ့များ တိုးချဲ့စိုက်ပျိုးရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများစနစ်တကျထည့်သွင်းရေး၊ သဘာဝပိုးသတ်ဆေးများစနစ်တကျသုံးစွဲရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေး စသည့်တောင်သူပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်အပြင် တခြားဒေသများ၌ ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစားသုံးဆီဖူလုံစေမည့်အပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)