မကွေး မေ ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင့်သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့နှင့် အတူတိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိများ လိုက်ပါကာ၊ မေလ ၁၈ ရက် နံနက်ပိုင်းက မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ တောင်သူဦးမျိုးဌေး၏ မြေပဲအထူးအထွက်တိုးစံပြကွက်အား ကြည့်ရှုစစ်ဆေးကာ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ တောင်သူ ဦးမျိုးဌေးဦး၏ မြေပဲအထူးအထွက်တိုးစံပြကွက်အား ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများအား ယခုစိုက်ခင်းကဲ့သို့ တစ်ဧက အပင်ဦးရေပြည့်မီရေး၊ တစ်ပင်ပါ သီးလုံးများများရရှိစေရေးနှင့် ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး လိုက်နာဆောင်ရွက်သွားကြရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူတိုင်းကြိုးစား ဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်၍ ယာယီရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ခရိုင်၊ မြို့နယ်တာဝန်ရှိသူတို့မှ မကွေးမြို့နယ်တွင် တောင်သူများ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ဖို့အတွက် ဆီထွက်သီးနှံ မြေပဲအထူးအထွက်တိုး စံပြကွက် စိုက်ပျိုးပြသဆောင်ရွက်မှုနှင့် မကွေးမြို့နယ်အတွင်း နွေသီးနှံစိုက်ပျိုးရာသီတွင် နွေနှမ်း(၆၆၇)ဧကနှင့် နွေစပါး(၂၁၄)ဧက စုစုပေါင်း နွေသီးနှံ (၈၈၁)ဧက စိုက်ပျိုးထားပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိစေဖို့နှင့် မျိုးကောင်း မျိုးသန့်များရရှိစေဖို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများပံ့ပိုးပေး ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ဖို့၊ စိုက်နည်းစနစ်များ စနစ်တကျစိုက်ပျိုးနိုင်ဖို့နဲ့ သွင်းအားစုပစ္စည်းများ အချိန်ကိုက် အချိုးကျသုံးစွဲတတ်စေဖို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စံပြကွက်၊ စမ်းသပ်ကွက်များ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်းသည် ပြသရုံသက် သက်သာမဟုတ်ပဲ တောင်သူများအနေဖြင့် လက်တွေ့လိုက်ပါဆောင်ရွက်နိုင်ရေး မျှော်မှန်းပန်းတိုင်အထွက်နှုန်းများ ရရှိ၍ တောင်သူများ၏ (၁)ဧကဝင်ငွေ တိုးတက်လာစေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးစသည့် ရည်ရွယ်ချက်များဖြင့် စိုက်ပျိုးပြသဆောင်ရွက်ခြင်းဖြစ်သည့်အတွက် တောင်သူများ လက်တွေ့လိုက်ပါ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး ကြိုးစားဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးနည်းစနစ်စံပြကွက် ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသော တောင်သူများအား တွေ့ဆုံကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က နွေနှမ်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေပြင်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ စိုက်ပျိုးနည်းစနစ်များကို မှန်ကန်အောင်ဆောင်ရွက်ခြင်း၊ တစ်ဧကသတ်မှတ်အပင်ဦးရေပြည်မီရေး၊ လိုအပ်သော သွင်းအားစုများထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းနှင့် ရိတ်သိမ်းချိန်တွင် အလေအလွင့်မရှိစေရေး စနစ်တကျဆောင်ရွက်ကြရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပေါ်ပါက ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေးအတွက် နွေနှမ်းဘောင်ကြီးတင် စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးဆောင်ရွက်ခြင်းအား နွေနှမ်းစိုက်တောင်သူများအားလုံး လိုက်ပါဆောင်ရွက်သင့်ကြောင်းနှင့် နွေနှမ်းသီးနှံတွင် မိုးရွာသွန်းမှုများပါက ပျက်စီးဆုံးရှုံမှုမရှိစေရေး စိမ့်မြောင်း၊ ပတ်မြောင်း၊ ရေထုတ်မြောင်းများ စနစ်တကျထားရှိစေရေး တောင်သူနှင့် ဝန်ထမ်းများအား လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကြီးကန်ကျေးရွာအုပ်စု၊ ရွာခွဲ(၄)ရွာမှ တက်ရောက်လာသည့် တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ တက်ရောက်လာသော ဒေသခံတောင်သူများအတွက် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျော်မျိုးစေ့များ ပေးအပ်ခဲ့သည်။
မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာတွင် ဆီထွက်သီးနှံမြေပဲအထူးအထွက်တိုး စံပြကွက်ကို တောင်သူများလေ့လာနိုင်ဖို့အတွက် စိုက်ပျိုးပြသဆောင်ရွက်ခြင်းဖြစ်ပြီး၊ ယခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီတွင် တောင်သူများလေ့လာနိုင်ဖို့အတွက် မြေပဲနှင့် နှမ်းကို စံပြကွက်(၃၅)ဧကစီ စိုက်ပျိုးပြသထားခြင်းဖြစ်ပြီး ထွက်ရှိလာသည့် သီးနှံများကို ဒေသတွင်းတောင်သူများအတွက် မျိုးသန့်ပြန့်ပွားရေးအဖြစ်မျိုးများ ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးမြို့နယ် ရှားပင်လှကျေးရွာအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်မွေးမြူရေးဇုန်နှင့် စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး၊ ယာယီရှင်းလင်းဆောင်တွင် သက်ဆိုင်ရာလုပ်ငန်းတာဝန်ရှိသူများမှ မကွေးမြို့နယ်အတွင်း အသားကဏ္ဍဖူလုံစေဖို့ ဘေးအန္တရာယ်ဖြစ်စေသည့် အသားငါးများလျော့နည်းစေဖို့အတွက် ရှားပင်လှကျေးရွာအနီး မြေဧက(၄၈.၀၆)ဧကပေါ်တွင် ဥစားကြက်မွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ မွေးမြူရေးလုပ်ငန်းရှင်(၁၂)ဦးမှ တစ်ဦးလျှင် ဥစားကြက်အကောင်ရေ (၃၀၀၀)ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် လက်ရှိ(၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဧက(၁၅၀)စနစ်ကျလယ်ယာမြေ ဖော်ထုပ်ခြင်းလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ၊ လုပ်ငန်းခွင်အတွင်း ဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ