ချောက် မေ ၁၉
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ် မြတ်မြတ်မိုး ဦးဆောင်၍ ယနေ့ နံနက် ၁၀ နာရီအချိန်က ချောက်မြို့ပေါ်ရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့စစ်ဆေးရာတွင် စားသောက်ဆိုင်များ ခင်းကျင်းပြင်ဆင်မှု၌ သန့်ရှင်းမှုရှိ/ မရှိ၊ ချက်ပြုတ်ကြော်လှော်သည့် မီးဖိုခန်းများ သန့်ရှင်းသပ်ရပ်မှုရှိ/ မရှိ၊ သုံးစွဲသည့် အသီးအရွက်များ လတ်ဆတ်မှုရှိ/မရှိ၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းမှုသပ်ရပ်မှုရှိ /မရှိ၊ စားကြွင်းစားကျန်များ စွန့်ပစ်ရာ၌ အမှိုက်ပုံးများဖြင့်စည်းကမ်းရှိရှိ စနစ်တကျစွန့်ပစ်ခြင်းရှိ/ မရှိ၊ ဆိုင်တွင်ရောင်းချသည့် ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးနှုန်းများ ဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး စားသောက်ဆိုင်များတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဝန်ဆောင်မှုပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးရည်ရွယ်၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက်စားသောက်ဆိုင်များ၌ ဆိုင်ဝန်ထမ်းများအား ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက်အကျိုးအမြတ်ရရှိရေးထက် ဈေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)