ကန့်ဘလူမြို့၌ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူခြင်းများ ဆောင်ရွက်

ကန့်ဘလူ မေ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာယူဖို့ ကျောင်းအပ်နှံကြပါစို့ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာစိုက်ထူပွဲကို မေ ၁၉ ရက်နံနက် ၁၀ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၊ အ.ထ.က(၁)ကန့်ဘလူ  ကျောင်းရှေ့နှင့် မြို့တော်ခန်းမရှေ့တို့၌ တာဝန်ရှိသူများက စိုက်ထူပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာများကို မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးစိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းကျော်၊ ခရိုင်/မြို့နယ်ပညာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးငွေဆန်းလှိုင်နှင့် ဝန်ထမ်းများက ကျောင်းအပ်နှံရေးရက်သတ္တပတ် မြေစိုက်ပိုစတာများကို စိုက်ထူပေးခဲ့ကြခြင်းဖြစ်သည်။

ကန့်ဘလူခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၂ ရက်မှ စတင်၍ ဇွန်း ၁ ရက်အထိ သတ်မှတ်ထားပြီး အခြေခံပညာကျောင်းများ ဖွင့်လှစ်ဆောင်ရွက် နိုင်ရေး၊ ကျောင်းအပ်လက်ခံနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)