ကော့သောင်း မေ ၁၉
ကော့သောင်းမြို့ အ.ထ.က(ခွဲ)အ.လ.က(၂)ကျောင်းမှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်း၊ မဟော်ဂနီခန်းမဆောင်တွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ ကော့သောင်းမြို့ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ မိဘ၊ ဆရာအသင်းအဖွဲ့များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ကော့သောင်းမြို့ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်က အဖွင့်အမှာစကားပြောကြားပြီး ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်နိုင်ကလူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်စကားပြောကြားခဲ့သည်။ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-9 လူရည်ချွန် မရွှေအိမ်စည်ဖူး၊၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-11 လူရည်ချွန် မနှင်းအိန္ဒြာခင်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 လူရည်ချွန် မောင်ခန့်ဝေယံကျော်တို့အား ဂုဏ်ပြုဆုများချီးမြှင့်ရာ ကော့သောင်းမြို့စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်းမှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ကိုလတ်က ရွှေသားလက်စွပ်များအားလည်းကောင်း၊ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးခင်နိုင်က ဂုဏ်ပြုဆုဒိုင်းများနှင့်ဂုဏ်ပြုမှတ်တမ်းများအားလည်းကောင်း၊ ခရိုင်ပညာရေးမှူးဆရာကြီးဒေါ်ဝင်းမာက လူရည်ချွန်စလွယ်များအား ချီးမြှင့်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်လင်းထက်က လူရည်ချွန်ရရှိအောင် ကြိုးစားသင်ကြား ပေးခဲ့သော ဆရာ၊ဆရာမများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 လူရည်ချွန် မောင်ခန့်ဝေယံကျော်က လူရည်ချွန် စခန်းများသို့ သွားရောက်ခဲ့ရသည့် အတွေ့အကြုံများအားလည်းကောင်း၊၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-9 လူရည်ချွန် မရွှေအိမ်စည်ဖူးက ကျေးဇူးတင်စကားများပြောကြား၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-11 လူရည်ချွန် မနှင်းအိန္ဒြာခင်က လူရည်ချွန်တစ်ဦး ဖြစ်ပေါ်လာအောင် ကြိုးစားအားထုတ်ခဲ့ရပုံများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် ကျောင်း အကျိုးတော်ဆောင်နာယက ဦးအင်ရှိန်ကကျေးဇူးတင်စကားပြောကြားခဲ့ပြီး လူရည်ချွန် ကျောင်းသား၊ ကျောင်းသူလေးများက ဧည့်သည်တော်များနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ဧည့်သည်တော်များအား ဂုဏ်ပြုညစာဖြင့်တည်ခင်းကာ အ.ထ.က(ခွဲ)အ.လ.က (၂) ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ၏ အနုပညာစွမ်းရည်များဖြင့် တင်ဆက်ကပြဖျော်ဖြေ ဧည့်ခံခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)