ရေကြည်မြို့နယ်၌ (၂၀၂၅)ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေး

ရေကြည် မေ ၁၉

ရေကြည်မြို့နယ်၌ (၂၀၂၅) ခုနှစ် မိုးစပါးစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ယနေ့နံနက် (၉) နာရီခွဲအချိန်က စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား ချေးငွေများစတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရေကြည်မြို့နယ်တွင် (၂၀၂၅)ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ထုတ်ချေးပေးရန် တောင်သူပေါင်း (၆,၄၄၅)ဦး၊ စိုက်ပျိုးမည့်ဧက(၄၅,၄၇၀)ဧက၊ ချေးငွေကျပ်သိန်းပေါင်း (၆၈,၂၀၅)ကို လျာထားလျက်ရှိပြီးယနေ့‌ တောင်လယ်ကျေးရွာအုပ်စုတွင် တောင်သူ(၂၈)ဦး၊ စိုက်ဧက(၁၉၅)ဧက၊ ငွေကျပ် (၂၉,၂၅၀,၀၀၀)သိန်းကို စတင်၍ ထုတ်ချေးပေးခဲ့သည်။

ရေကြည်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးထုတ်လုပ်သည့် ကျေးရွာအုပ်စု (၈၁) အုပ်စုရှိရာ တစ်ဧကလျှင် ကျပ်တစ်သိန်းငါးသောင်းနှုန်းဖြင့် မေလ(၁၉)ရက်နေ့မှစတင်၍ စက်တင်ဘာလကုန်အထိ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရေကြည်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)