နတ်မောက် မေ ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးရေးစရိတ်ငွေများထုတ်ပေးလျက်ရှိရာ ၂၀၂၅-ခုနှစ် မိုးရာသီစိုက်ပျိုးရေး စရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးခဲ့သည်။
အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ငွေထုတ်ချေးပေးရာတွင် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မိုးမိုးသိန်းက တောင်သူများအား ယခုနှစ် မိုးစပါး၊ နှမ်းနှင့် အခြားသီးနှံများ စိုက်ပျိုးစရိတ်ထုတ်ချေးပေးမည့် အစီအစဉ်များနှင့် ချေးငွေများ ပြန်လည်ပေးသွင်းသည့် ကာလတွင် ကြွေးကျန်မရှိစေရေးပေးဆပ်နိုင်ရန် တက်ရောက်လာကြသည့် တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နတ်မောက်မြို့နယ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများအား မိုးစပါးတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှင့် အခြား သီးနှံတစ်ဧကလျှင် တစ်သိန်းနှုန်းကို တောင်သူများအား စိုက်ပျိုးချိန်အမီ မေလ ၁၉ ရက်နေ့က စတင်ထုတ်ချေးပေးလျက်ရှိပြီး နတ်မောက်မြို့ မြို့မရပ်ကွက်ရှိ ဘဏ်အဖွဲ့ဝင်တောင်သူ (၄၅)ဦးသို့ စပါး(၄၂)ဧကနှင့် နှမ်း (၁၄၃)ဧကအတွက် ချေးငွေပမာဏ ကျပ် (၂၀၆.၀၀)သိန်း ထုတ်ချေးပေးလျက်ရှိပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများကိုလည်း ထုတ်ချေးရေးကာလအတွင်း ထုတ်ချေးပေးရန် နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မိုးမိုးသိန်းထံမှ သိရသည်။
လှဝင်း