ဆင်ပေါင်ဝဲ မေ ၁၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ဆင်ပေါင်ဝဲမြို့နယ် ပညာရေးမှူး ဦးကြည်လင်းက ကျောင်းသား၊ ကျောင်းသူများကို အရည်အချင်းပြည့်ဝပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများပေါ်ထွက်လာစေရန် ဆရာ၊ ဆရာမများကို ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်မွမ်းမံသင်တန်းများကို ဖွင့်လှစ်ပို့ချသင်ကြားရခြင်းဖြစ်၍ တက်ရောက်လာသည့် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း သင်ကြားသင်ယူမှုအပိုင်းတွင် အရည်အသွေးပြည့်ဝစေရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ (၂၄၆)ဦးတို့အား နည်းပြ (၁၆)ဦးကလည်းကောင်း၊ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၄၄၈)ဦးတို့အား နည်းပြ (၃၀) ဦးကလည်းကောင်း မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)