ပခုက္ကူ မေ ၁၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ For Life ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက်၉နာရီအချိန်က အင်္ဂလိပ်စကားပြော(အခမဲ့)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးခေမာစာရက အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်ရခြင်းရွယ်ရွယ်ချက်များနှင့် သင်တန်းသား၊ သင်တန်းသူများ ဆက်လက်လေ့ကျင့်ဆည်းပူးရမည့် အင်္ဂလိပ်စာဘာသာရပ်များ၊ လက်တွေ့အသုံးချနိုင်ရေး ဆောင်ရွက်ရမည့်အကြောင်းတို့ကို ဩဝါဒစကားမိန့်ကြားရာ သင်တန်းသား၊ သင်တန်းသူများက အကအလှများဖြင့် ကပြဖျော်ဖြေကြသည်။
ထို့နောက် Junior Reading, Basic Level, Intermediate level, Senior Reading စသည့် နွေရာသီ အင်္ဂလိပ်စကားပြောသင်တန်းများအလိုက် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဆရာတော်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၉၀) ဦး တက်ရောက်ခဲ့ပြီး ၂၀၂၅ခုနှစ်၊ မတ်လ ၁၀ ရက်မှ မေလ၁၈ရက်နေ့အထိ နွေရာသီကျောင်းပိတ်ရက်ကာလတွင် သင်တန်းအမျိုးအစားများအလိုက် အရေး၊ အဖတ်၊ အပြော၊ အကြား စသည့် အင်္ဂလိပ်စာ ဘာသာရပ်ကျွမ်းကျင်မှုလေးမျိုးကို စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)