ပေါက်ခေါင်းမြို့နယ်၌ ကျောင်းတွင်းရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ် (၂ /၂၀၂၅) ဖွင့်လှစ်

ပေါက်ခေါင်း မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အမှတ်-၁ ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ကျောင်းတွင်းရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ်(၂ /၂၀၂၅) ဖွင့်ပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းဉက္ကဋ္ဌ ဦးမြင့်ရွှေနှင့် အ.ထ.က(ခွဲ) အမှတ်-၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်တို့က အမှာစကားများပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး‌ ဒေါ်ဝင်းရီက ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းပို့ချမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံမှ သွားဆရာဝန် ဒေါက်တာရှိုင်းမင်းသန့်မှ သွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းနှင့်  စနစ်မှန်သွားတိုက်နည်းသရုပ်ပြ သင်ကြားပေးခြင်း၊ ဓမ္မသော်တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးမင်းဇော်မှ မြွေအန္တရာယ်အကြောင်း သိကောင်းစရာနှင့် မြွေကိုက်ခံရပါကရှေးဦးပြုစုရမည့်အချက်များကို ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ သင်တန်းကို မေလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ (၃) ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ၃၀ ဦးအား အရိုးကျိုးခြင်းနှင့် ပတ်တီးဆီးခြင်း၊ အသက်ရှုမေ့မြောခြင်းနှင့်အသက်ရှုအားကူနည်း၊ ဒဏ်ရာအမျိုးမျိုး၊ သွေးထွက်ဒဏ်ရာများနှင့် ကျန်းမာရေး အသိပညာပေးခြင်းများ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)