ဝါးခယ်မတွင် အခြေခံပညာ အလယ်တန်းအဆင့်၊ မူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲများပြုလုပ်

ဝါးခယ်မ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စာရေးကုန်းရပ်ကွက်၊ အ.ထ.က(၁) ကျောင်း၊ ဒေါ်ပိုက်မိခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်က ကျောင်းဖွင့်ချိန်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံပြီး တက်ရောက်နိုင်ရေး၊  ဝါးခယ်မမြို့နယ်သို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာသူများထဲမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများရှိပါက အထက်ဌာနအဆင့်ဆင့်သို့ သတင်းပေးပို့တင်ပြပြီး ကျောင်းတက်ရောက်နိုင်ရေးအတွက် မိမိတို့တာဝန်ကျ ရပ်ကွက်၊ ကျေးရွာအလိုက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်အတူ ပူးပေါင်းစည်းရုံးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး နန်းစန်စွမ်းက စွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်ရခြင်းအား ရှင်းလင်းခဲ့ပြီး အ.ထ.က(၂) ဝါးခယ်မတွင် အခြေခံပညာအလယ်တန်းအဆင့် ဆွေးနွေးပွဲကိုလည်းကောင်း၊ မူလတန်းအဆင့်ဆွေးနွေးပွဲကို သင်တန်းသား၊ သင်တန်းသူ(၁၇၂၅)ဦးအား နည်းပြ(၁၀၈)ဦးဖြင့် အ.ထ.က(၁) (ဝါးခယ်မ)၊ အ.ထ.က (ရွှေလောင်း)၊ အ.ထ.က (ကျုံမငေး) တို့တွင် မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ သုံးရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ (ဝါးခယ်မ)