တောင်တွင်းကြီး ဒီဇင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယနေ့နံနက်က ကိုဗစ်-၁၉ အတည်ပြု လူနာ(၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့နယ် မောင်းတိုင်(၁)ရပ်ကွက်မှ ခရီးသွားရာဇဝင်မရှိသူ အသက်(၅၃)နှစ ်အရွယ် အမျိုးသမီးတစ်ဦးသည် အနံ့ပျောက်နေကြောင်း သတင်းပေးပို့လာသဖြင့် ကိုဗစ်အမြန်စစ် RTD Test Kit ဖြင့်စစ်ဆေးရာ Covid - 19 ရောဂါပိုး (Positive)တွေ့ရှိခဲ့သည်။
ဆက်လက်၍ အဆိုပါ ပိုးတွေ့ရှိသူနှင့် ထိတွေ့ ဆက်စပ်သူများအနက် ကနဦးအဖြစ် (၁၄) ဦးအား ဆက်လက်စစ်ဆေးရာ ခင်ပွန်းတော်စပ်သူ အသက်(၄၉)နှစ်ရှိ အမျိုးသား(၁)ဦးနှင့် ညီအစ်မ တော်စပ်သူ အသက် (၃၆) နှစ်ရှိ အမျိုးသမီး(၁)ဦးတို့တွင် Covid - 19 ရောဂါပိုး ( Positive ) ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့သူများနှင့် ထိတွေ့ဆက်စပ်သူများအား ဆက်လက်ဖော်ထုတ် စိစစ် ဆောင်ရွက် လျှက်ရှိပြီး အချိန်နှင့်တစ်ပြေးညီ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ယနေ့နေ့လယ် အထိ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ ၁၃၁ ဦးရှိပြီဖြစ်ပြီး ဒေသတွင်းကူးစက်သူ ဓါတ်ခွဲအတည်ပြုလူနာများ အချိန်တိုကာလအတွင်း များပြားလာခြင်းကြောင့် ရောဂါကူးစက် ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် (၈-၁၂-၂၀၂၀)ရက်နေ့ (၀၀:၀၁) နာရီအချိန်မှ (၁၄-၁၂-၂၀၂၀)ရက်နေ့ (၂၄:၀၀)နာရီအထိ မိမိနေအိမ်တွင် Stay at home နေထိုင်ရန် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမိန့် ကြေညာ စာအမှတ် (၂/၂၀၂၀)ဖြင့် ထုတ်ပြန်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)