ကျိုက်လတ် မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် (၈) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဉီး အောင်မိုးနှင့် ဆရာ၊ဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဉမ္မာနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ဆိုင်းဘုတ်အား အမွှေးနံ့သာများပက်ဖျန်း၍ ဖွင့်လှစ်ခဲ့သည်။ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိဖြစ်ပြီး၊ ယခု ကျောင်းအပ်နှံရေး ဆိုင်းဘုတ်စိုက်ထူရခြင်းမှာ ”ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ဆရာ၊ဆရာမများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ် စိုက်ထူရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်မင်းအောင် (ပြန်/ဆက်)