လွိုင်ကော် မေ ၁၇
ကယားပြည်နယ်အစိုးရအဖွဲ့သည် အဆင့်မြင့်ပညာ၊ အခြေခံပညာကျောင်းများနှင့် သိပ္ပံကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ အခြေခံပညာအထက်တန်းကျောင်းခွဲ(နမ့်ကွတ်)၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နမ့်ကွတ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(နမ့်ကွတ်)နှင့် ဒေါနိုးကူးရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းများတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် အဆိုပါကျောင်းများ၌ ကျောင်းဖွင့်ရာသီအမီ ကြိုတင်ပြင်ဆင်ထားရှိသည့် ကျောင်းရုံးခန်း၊ ခန်းမ၊ စာသင်ခန်းနှင့် ဝန်ထမ်းနေအိမ်များအား လှည့်လည်ကြည်ရှုစစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရန် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများ၊ ကျောင်းသုံရုံးသုံးပရိဘောဂများ ပြည့်စုံစွာထားရှိရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး၊ ပြုပြင်ရန်လိုအပ်သည့် အဆောင်များရှိ အမိုး၊ ကြမ်းခင်းများ၊ လျှပ်စစ်မီးနှင့် ဆေးသုတ်ခြင်းကို ကျောင်းများမဖွင့်မီအပြီးဆောင်ရွက်ရန်နှင့် ကျောင်းခြံစည်းရိုးများ လုံခြုံစေရေးဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) ကျောင်းသို့ ရောက်ရှိကာ ရုံးခန်း၊ အစည်းအဝေးခန်းမ၊ ဧည့်ခန်း၊ ဓမ္မာရုံ၊ ဘောလုံးကွင်း၊ စားရိပ်သာ၊ စုပေါင်းခန်းမ၊ သင်တန်းသား သင်တန်းသူများ၏ အိပ်ဆောင်၊ စာသင်ကျောင်းရှိ စာသင်ခန်း၊ တိုက်ကွမ်ဒို၊ GYM နှင့် ဂျူဒိုအားကစားခန်းမများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ကျောင်းအုပ်ကြီးတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ သင်တန်းသားများ ရောက်ရှိနေမှုနှင့် အားကစားနည်းအလိုက် လေ့ကျင့်ရေးဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်တန်းတက်ရောက်ရန်ရောက်ရှိနေသည့် သင်တန်းသား သင်တန်းသူများနှင့် ဆရာ ဆရာမများအား တွေ့ဆုံကာ အားပေးစကားများ ပြောကြားပြီး ရုံးလုပ်ငန်းသုံးပစ္စည်းများ ဖြည့်ဆည်းပေးရန်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးများ ဆောင်ရွက်ရန်၊ ယခုပညာသင်နှစ်တွင် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့် ကျောင်းသား ကျောင်းသူများ သတ်မှတ်အရေအတွက် ပြည့်စုံစွာတက်ရောက်နိုင်ရေးသင်ကြားမည့် ဆရာ/ဆရာမများ ပြည့်စုံစွာဖြင့် သင်ကြားနိုင်ရေး စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)