တောဆင်ရိုင်းတစ်ကောင်သေဆုံးခြင်းအား မီးရှို့မြေမြှုပ် ဖျက်ဆီးဆောင်ရွက်

ဘုတ်ပြင်း   ဒီဇင်ဘာ  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာ ခန့်မှန်းမြေပုံ အညွှန်း 47p.MM-903601 နေရာ၌ မြို့နယ်သစ်တောဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့တို့က တောဆင်ရိုင်း တစ်ကောင် သေဆုံးခြင်းအား မီးရှို့မြေမြုပ်ဖျက်ဆီးခဲ့ကြောင်းသိရသည်။

တောဆင်ရိုင်းသေဆုံးနေကြောင်းကို ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ(၁၅:၃၀)နာရီတွင် ချောင်းမွန် ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးပို့ချက် အရ မြို့နယ်သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့ တို့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးနေသောဆင်မှာ  အသက် ၃၅ နှစ် စွယ်စုံ ဆင်ထီးဖြစ် ကြောင်း၊ ဓမ္မတာအတိုင်းသေဆုံးခြင်း မဟုတ်ကြောင်းနှင့် ဒီဇင်ဘာ  ၇ ရက်နေ့တွင် ထပ်မံစစ် ဆေးရာ ညာဘက် လက်ဝဲပြင် အောက်နားတွင် (၀.၅)လက်မ အနက်  (၆) လက်မှ ဒဏ်ရာတစ်ခု တွေ့ရှိသည့်အတွက် တူမီး သေနတ်ဖြင့် ပစ်ခံရပြီး ဆင်မုဆိုးကြောင့်‌ သေဆုံးခြင်းဖြစ်ကြောင်း   စစ်ဆေးတွေ့ရှိခဲ့ရသည်။

အဆိုပါ ဆင်သေအား သေဆုံးသည့်နေရာတွင် မီးရှို့မြေမြုပ်ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်းနှင့် သေဆုံးသည့် တောဆင်ရိုင်းမှ သတ်သေခံအဖြစ် လုံးပတ်(၉)လက် အလျား (၁၀)လက်မရှိ စွယ်တို(၁)ချောင်းနှင့် လုံးပတ်(၉)လက်မ အလျား(၁၈)လက်မရှိ ပဲ့နေသောဆင်စွယ်တစ်ချောင်း၊ အရှည်(၁)ပေ (၄)လက်မရှိ  အမြီး(၁)ချောင်းနှင့် ဓာတ်ပုံမှတ်တမ်းများအား သက်သေခံအဖြစ် တင်ပြပြီး ပြည်ကြီးမဏ္ဍိုင်နယ်မြေ ရဲစခန်း၌ ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

သန်းထွန်းဦး