စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

စစ်ကိုင်း၊ မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့တွင် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ရှင်းလင်းရေး ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် နှစ်(၇၀၀)ဘောလုံးကွင်းတွင် ငလျင်ဘေးကယ်ဆယ်ရေးစခန်းရှိ ငလျင်ဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးပြီး လူမှုဝန်ထမ်းဦးစီးဌာနက ငလျင်ဘေးသင့် ကလေးငယ်များအား စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများ ဖြစ်ပေါ်စေရန် ကလေးပျော်နေရာအစီအစဉ်များ ဆောင် ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ငလျင်ဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းများ အရောင်းပြပွဲတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုကိုလည်းကောင်း၊ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စခန်းသွင်းသင်ကြားပေးနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)