ရွှေတောင် မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ စစ်မှုထမ်းဟောင်းအိမ်ရာတွင် ယမန်နေ့နေ့လယ်(၁၄:၀၀)နာရီ အချိန်ခန့်က လူနေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ စစ်မှုထမ်းဟောင်းအိမ်ရာနေ ဒေါ်ကြည်ကြည်စန်း(ဘ) ဦးတင်အေး၏နေအိမ်တွင် ထမင်းချက်ရန် တည်ထားသည့် ထမင်းပေါင်းအိုးသွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးမှ အပူလွန်ကဲ၍ နေအိမ်သို့ ကူးစက်ပြီး ဒေါ်ကြည်ကြည်စန်း၏ အလျား (၂၄)ပေ၊ အနံ (၁၈)ပေသွပ်မိုး၊ပျဉ်ကာ (၁)ထပ် လူနေအိမ်(၁)လုံး မီးလာင်ဆုံးရှုံးခဲ့သည်။
အဆိုပါမီးလောင်ရာနေရာသို့ ရွှေတောင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆည်ကြီးကုန်းအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ရွာနေ ပြည်သူများမှပူးပေါင်း၍ မီးငြှိမ်းသတ်ယာဥ်(၂) စီး၊ ကြာနီကန်ရပ်ကွက် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ်(၁)စီး၊ သရက်တောရပ်ကွက် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ (၁၄း၀၅)နာရီအချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး (၁၄:၁၀) နာရီအချိန်တွင် မီးငြှိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။ မီးကိုပေါ့ဆစွာ အသုံးပြု၍ လူနေအိမ်အား မီးလောင်ကျွမ်းမှုဖြစ်ပွားစေသူ ဒေါ်ကြည်ကြည်စန်းအား ရွှေတောင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)