မုံရွာ မေ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခန္တီး-ဆင်သေ-လဟယ်လမ်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် မိုင်တိုင် အမှတ် ၃၃-၃၄ ကြား မျက်ကွယ်ကုန်းဖြတ်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်မည့်နေရာ၊ အမြင့်ပေ ၄၉၉၇ ပေရှိ ထိန်ညိုတောင်ရှုခင်းသာဗျူးပိုင့် ဆောင်ရွက်မည့် နေရာနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လဟယ်မြို့အဝင် မိုင်တိုင်အမှတ် ၅၁-၅၂ ကြား လမ်းတာချဲ့ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုကြမည့် လဟယ်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၂၃၀ ဦးအား လဟယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စခန်းသွင်းသင်ကြားပေးနေမှုများနှင့် လဟယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ/ဆရာမများအား ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်းသင်ကြားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ ကျောင်းဝန်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား နေ့လည်စာ ကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်းရှိ ချယ်ရီမြိုင်ခန်းမတွင် လဟယ်မြို့နယ်ရှိ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေကြသည့် ဆရာ၊ ဆရာမများ၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရခြင်းအတွက် နိုင်ငံတော်နှင့်မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စခန်းသွင်း သင်ကြားနေစဉ်ကာလအတွင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအတွက် အုပ်ချုပ်၊ ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်ပညာရေးမှူးထံ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအတွက် စခန်းသွင်း သင်ကြားနေစဉ်ကာလအတွင်း စားသောက်စရိတ် ငွေကျပ်သိန်း ၂၀၀ ကျပ်အားလည်းကောင်း၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေကြသည့် ဆရာ/ဆရာမ များအတွက် ငွေကျပ် ၃၀ သိန်းတို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ကလည်းကောင်း၊ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေကြသည့် ဆရာ/ဆရာမများကိုယ်စား ဆရာမတစ်ဦးကလည်းကောင်းကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ ဟွေထိုက်ချောင်းပေါ်တွင် ရေထိန်းတမံ တစ်ခုတည်ဆောက်၍ ရေသိုလှောင်ပြီးရရှိလာမည့် ရေအားအမြင့်ကို အသုံးပြုလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ နှစ်စဉ်လျှစ်စစ်ဓာတ်အား ၂၀.၃၈၁ ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လုပ်နိုင်မည့် ဟွေထိုက် အသေးစားရေအားလျှပ်စစ် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်(၂)တည်ဆောက်ရေး၊ တာဝန်ခံမှ ဘဏ္ဍာနှစ်အလိုက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ ကုန်ကြမ်းပစ္စည်းများလုပ်ငန်းခွင်သို့ အချီန်မီရောက်ရှိရေးနှင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်သွားရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာဆေးကုသမှုခံယူနေကြသည့် ဒေသခံတိုင်းရင်းသားများအား တာဝန်ရှိသူများနှင့် အတူ အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြပြီး ဆေးရုံအုပ်ကြီးထံ ဆရာဝန်/သူနာပြုများနှင့် ဆေးရုံဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)