ဟားခါး မေ ၁၇
အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ခေတ္တလူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ဆရာကြီးများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရမည့် ကိစ္စနှင့်ပတ်သက်၍ အခြေခံပညာဦးစီးဌာနကလည်း ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်သည့်အတွက် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ် ခြင်းနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးရန်လိုအပ်သည့်အချက်များကို အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ် ဆရာကြီးများက ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ခေတ္တလူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှက စာသင်ကျောင်းသည် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်တွက် ပြုစုပျိုးထောင်ပေးသည့်နေရာဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ်က ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဖြစ်ကြောင်း၊ ယခုပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆောင်ပုဒ် နှင့်အညီ ကျောင်းနေအရွယ်ကလေးအား ကျောင်းအပ်နှံနိုင်ရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ် ကြောင်းနှင့် ချင်းပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ဟားခါးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးခရိုင်/မြို့နယ်ပညာရေးမှူးများနှင့် ဟားခါးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ဆရာကြီးများက တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြကြသည်။
တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)