ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် လူငယ်ကင်းထောက်လေ့လာရေးခရီးစဥ်များ ဆောင်ရွက်

ပြည် မေ ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့်ပဲခူးတိုင်း (အနောက်ခြမ်း)မှ လူငယ်ကင်းထောက်မောင်မယ် (၆၀) ဦး ပါဝင်သည့် လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမများလိုက်ပါလျက် ယမန်နေ့ နံနက် ၇ နာရီက (သီရိရတနာ) မှန်လုံမော်တော်ယာဥ်နှစ်စီးဖြင့် ပြည်မြို့မှ ပဲခူးမြို့သို့ လူငယ်ကင်းထောက်လေ့လာရေးခရီးစဥ် သွားရောက်ကြောင်း သိရသည်။

အဆိုပါ ပဲခူး (အနောက်) လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် ပဲခူးအရှေ့ခြမ်းရှိ မိုးယွန်းကြီးအင်းအပါအဝင် ပဲခူးမြို့ရှိ သမိုင်းဝင်ဘုရားစေတီပုထိုးများနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပဲခူး(အရှေ့)မှ လူငယ်ကင်းထောက်‌ မောင်မယ်(၆၀)ဦး လေ့လာရေးအဖွဲ့သည်လည်း အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမများလိုက်ပါလျက် ယနေ့နံနက် ၇ နာရီတွင် ပဲခူးမြို့မှ ပြည်မြို့သို့ လေ့လာရေးခရီးစဥ် စတင်ထွက်ခွာပြီး မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပြည်ခရိုင် ရွှေတောင်မြို့သို့ ရောက်ရှိကာ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင်စေတီတော်မြတ်ကြီးနှင့် ရွှေမျက်မှန်ရုပ်ပွားတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်၍ ဒေသန္တရဗဟုသုတများကို လေ့လာခဲ့ကြသည်။ ဆက်လက်၍ ညနေပိုင်းတွင် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး အလှူငွေများ ကုသိုလ်ပြုစုပေါင်းလှူဒါန်းခဲ့ကြကာ ပြည်တက္ကသိုလ်၌ ညအိပ်ရပ်နားကြသည်။

ပြည်မြို့သို့‌ ရောက်ရှိနေသော ပဲခူး (အရှေ့) ကင်းထောက်လူငယ်လေ့လာရေးအဖွဲ့အား သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဂေါပကအဖွဲ့များက နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံကြပြီး ဘုရားသမိုင်းဖြစ်စဉ်များရှင်းပြခြင်း၊ အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာ‌ပေးအပ်ခြင်းနှင့် အသိပညာပေးစာစောင်များဖတ်ရှုနိုင်ရန် ဝေငှပေးခြင်းတို့ ဆောင်ရွက်ပေးကြသည်။ အဆိုပါကင်းထောက်လူငယ်လေ့လာရေးအဖွဲ့သည် မေ ၁၆ ရက်တွင် ရွေဘုံသာမုနိစေတီတော်မြတ်ကြီးနှင့် သရေခေတ္တရာမြို့ဟောင်းအပါအဝင် ပြည်တက္ကသိုလ်နှင့် ပဲခူးအနောက်ခြမ်း မြို့နယ်များရှိ သမိုင်းဝင်ဘုရားစေတီပုထိုးများ၊ အထင်ကရနေရာများသို့ သွားရောက်လေ့လာကြမည်ဖြစ်သည်။

ကင်းထောက်လူငယ်မောင်မယ်များအား မိမိတို့တိုင်းဒေသကြီးအတွင်း ပထဝီဝင်ဆိုင်ရာ အခြေအနေများနှင့် သမိုင်းဆိုင်ရာအဖြစ်အပျက်များကို လေ့လာသိရှိနိုင်‌‌စေရန်၊ မိမိတို့ဒေသနှင့် အမိမြေကို ချစ်ခင်မြတ်နိုးတန်ဖိုးထားလိုစိတ်ရှိကာ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်၊ အပြန်အလှန်ချစ်ခင်ရင်းနှီးမှုနှင့် ဒေသန္တရဗဟုသုတများရရှိပြီး အသင်းအဖွဲ့စိတ်ဓာတ်ကောင်းများနှင့် အမြဲမပြတ်လေ့လာသင်ယူလိုစိတ်များ ရှင်သန်ဖွံဖြိုးလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် အဆိုပါလူငယ်ကင်းထောက်လေ့လာရေး ခရီးစဥ်များကို ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)