သရက်မြို့၌ ပြည်သူလူထုများ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံ ရှိစေရေးနှင့် ကွမ်း၊ ဆေးလိပ်၊ အရက်ရှောင်ကြဉ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးအခမ်းအနား ကျင်းပ

သရက်  မေ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်သူလူထုများ ကျန်းမာရေးနှင့် လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံရှိစေရေးနှင့် ကွမ်း၊ ဆေးလိပ်၊ အရက် ရှောင်ကြဉ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးအခမ်းအနားကို ယနေ့ မွန်းလွဲ (၂) နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရက အဖွင့်အမှာစကားပြောကြားရာမှာ ကျန်းမာရေးအသိပညာပေးခြင်းအပြင် သက်ဆိုင်ရာဌာနများ၊ ပြည်သူလူထုတို့ကလည်း ပူပေါင်းဆောင်ရွက်ရန်လိုအပ်ပါသည်။ ကျောင်းသားလူငယ်များအကြားတွင် ကွမ်း၊ ဆေးလိပ်၊ အရက်သုံးစွဲမှု မရှိစေရေး အတွက်လည်း ပညာရေးဝန်ထမ်းများ၊ မိဘအုပ်ထိန်းသူများမှလည်း အသိပညာပေးခြင်း၊ ကြီးကြပ်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ပါသည်ဟု ပြောကြားပေးခဲ့သည်။

ထို့နောက် သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်က အခမ်းအနားဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပြီး ကျန်းမာရေးမှူး (၂) ဦးသန့်ဇင်ဦးက ပြည်သူလူထု ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုပုံစံ ရှိစေရေးနှင့် ကွမ်း၊ ဆေးလိပ်၊ အရက် ရှောင်ကြဉ်နိုင်ရေးအတွက် အသိပညာပေးပြောကြားပေးခဲ့ကြောင်း  သိရသည်။

ဇော်ထက်(သရက်)