ထီးချိုင့်မြို့နယ်၊ ကမ်းနီကျေးရွာတွင် EM ဘိုကာရှီ ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်

ထီးချိုင့် ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကမ်းနီနည်း ပညာ ပြန့်ပွားရေးတာဝန်ခံ ဒေါ်မေမီလင်းနှင့် ဝန်ထမ်းများသည် ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာ တောင်သူဦးကံချွန်၏လယ်တွင် လယ်ယာ ထွက်စွန့်ပစ်ပစ္စည်းများဖြစ်သော နှမ်းရိုး၊ မြေပဲခွံနှင့် သဘာဝမြေဆွေးပုံ (EM bakoshi) ပြုလုပ်သုံးစွဲပုံ အဆင့်ဆင့်ကို ယနေ့နံနက် (၉) နာရီအချိန်က လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ သဘာဝမြေဆွေးပုံပြုလုပ်နိုင်ရန်တွက်  တင့်လဲရည်၊  EM၊  လယ်ယာထွက်စွန့်ပစ် ပစ္စည်းများဖြစ်သော  ကောက်ရိုး၊  နှမ်းရိုး၊  မြေပဲခွံ၊ ဖွဲနု၊ နွားချေးတို့ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း၊ မြေဆွေးပုံတစ်ပုံစာအတွက်  အလျား ၆'  x  အနံ ၄' ၊  ၆" ခြောက်လွှာလိုအပ်ပြီး နှမ်းရိုး၊ မြေပဲခွံ ၆" လောက်ကို  ရေပါးပါးဖြန်းပေးပြီး နွားချေးနှင့်ဖွဲနုကို  ပါးပါးဖြူးကာ ဖွဲနုပေါ်မှ  EM ၊  တင့်လဲရည်အ ရောကို ၃ ဂါလံဖြန်းပေးရန်လိုအပ်ကြောင်း၊ သဘာဝမြေဆွေးပုံပြုလုပ်ပြီး (၁) လမှ (၂) လအတွင်း စ တင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ အသုံးပြုပုံမှာစပါးမှာဆိုရင် ထယ်ရေးပြင်ချိန်မှာ(၁)ဧကကို ၅ ပုံမှ ၁၀ ပုံ အထိထည့်သွင်းအသုံးပြုနိုင်ကြောင်း၊ နှစ်ရှည်ပင် ဟင်းသီးဟင်းရွက်နှင့် ဥယာဉ်ခြံ သီးနှံပင်တွေမှာ အစိုဓါတ်ရှိချိန်တွင် ဘေးတွင်ပုံပေးရမည်ဖြစ်ကြောင်း၊ သဘာဝမြေဆွေးအသုံးပြုပြီး ရရှိလာမည့် အကျိုးကျေးဇူးတွေကတော့ စပါးမှာဆိုရင် ကောက်လှန်ရက်စောခြင်း၊ ဆန်အရည် အသွေးကောင်းမွန်ခြင်း၊ မြေဆီလွှာဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်၊ ဇီဝဂုဏ်သတ္တိများ ကောင်းမွန်ခြင်း၊ သီးနှံပင်၏ အစာချက်လုပ်ငန်း ကောင်းမွန်စေခြင်း၊ မြေတွင်းရှိ အဏုဇီဝတိုးပွားစေခြင်း၊ သီးနှံ အထွက်တိုးပြီး ဈေးကောင်းများ ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ ကမ်းနီ နည်းပညာပြန့်ပွားရေး တာဝန်ခံ ဒေါ်မေမီလင်းက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)