ကသာမြို့မှ မီးဘေးသင့်အိမ်ထောင်စု ၄ စုအား ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့

ကသာ မေ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ရှိ မီးဘေးသင့်အိမ်ထောင်စု ၆ စုအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာမြို့တွင် မေ ၁၂ ရက် ညနေ (၄)နာရီခွဲအချိန်ခန့်က မြောက်ပိုင်းရပ်ကွက်၊ အောင်သပြေလမ်း နံကပ်တစ်ထပ်ဂိုထောင်မှ ဆိုလာဘက်ထရီအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်ရှိ လူနေအိမ် ၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် ဆုံးရှုံးခဲ့သောအိမ်ထောင်စု ၄ စုအား ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် ကသာခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများက မီးဘေးသင့် အိမ်ထောင်စုဝင်များ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အိမ်ထောင်စု ၄ စုအား တစ်အိမ်လျှင် ကယ်ဆယ်ရေးပစ္စည်း Family Kits(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့ပေးအပ်ခဲ့ရာ မီးဘေးသင့် ပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ကသာမြို့ မီးဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ဖိုးရိက္ခာများ စုစုပေါင်း (၇၁၀,၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှသိရသည်။

ရဲလင်းထွန်း(ကသာ)