ပိုင်ကျုံ မေ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၂) ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များတွင် ခြင်ပေါက်ဖွားမှုနှုန်း လျှော့နည်းစေရေးအတွက် ယနေ့နံနက် ၉း၃၀ နာရီ အချိန်က ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျေးလက် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ရပ်မိရပ်ဖများစုပေါင်း၍ မိုးတွင်းကာလတွင် ပြည်သူများ ရက်ရှည်အသုံးပြုသည့် ရေစည်၊ ရေကန်များတွင် ပိုးလောက်လန်း ပေါက်ဖွားမှု မရှိစေရေးနှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကြောင့် မိုးရာသီကာလအတွင်း ခြင်ပေါက်ဖွားမှုနှုန်းလျှော့နည်းစေပြီး ခြင်မှတဆင့်ကူးစက်တတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)