စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဖူဆယ်အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် အိမ်ရာအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှု

မုံရွာ မေ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္နဝန် အရာထမ်းဝန်ထမ်းအိမ်ရာအတွင်းရှိ “နန္နဝန်အားမာန်” ဖူဆယ်အားကစား ဘောလုံးကွင်းဖွင့်ပွဲ အထိန်းအမှတ် ဝန်ထမ်းပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ အိမ်ရာအတွင်းရှိ ဖူဆယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အိမ်ရာအတွင်းနေထိုင်ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ/မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နန္နဝန်အိမ်ရာနေ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ ရုံးချိန်ပြင်ပတွင် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးနှင့် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရန်အတွက် Out door/ Fitness အားကစားပစ္စည်းများအား ထားရှိဆောင်ရွက်ပေးခြင်း၊ မူလအားကစားကွင်းနေရာအား ဘက်စုံသုံးအားကစားကွင်းနှင့် ဖူဆယ်ဘောလုံးကွင်းတို့အား အဆင့်မြှင့်အားကစားကွင်းများအဖြစ် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဝန်ထမ်းအိမ်ရာများ၏ အင်္ဂါရပ်များနှင့်အညီ အမြင်တင့်တယ်၍ သန့်ရှင်းသပ်ရပ်သည့် အသိုက်အဝန်းတခုဖြစ်ပေါ်ရေးအတွက် ဌာနမှအဓိကထား ဆောင်ရွက်နေသကဲ့သို့ အိမ်ရာများတွင်နေထိုင်ကြသည့် ဝန်ထမ်းများနှင့် မိသားစုများမှလည်း ကျန်းမာကြံ့ခိုင်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းသည့် လူ့အသိုက်အဝန်းနှင့် စိတ်ဓါတ်မြင့်မား၍ နွေးထွေးလုံခြုံမှုရှိသည့် အိမ်ရာတစ်ခုအဖြစ် နေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ ဖူဆယ်အားကစားပြိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ဝန်ထမ်းများနှင့်မိသားစုဝင်များမှလည်း အားကစားသမားကောင်း တစ်ယောက်စိတ်ဓါတ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ ယှဉ်ပြိုင်ကစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။   

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားအသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ပြိုင်ပွဲဝင်အားကစားအသင်းများမှ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ဖူဆယ်အားကစား ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် နန္နဝန်လူငယ်အသင်းနှင့် မြသလ္လာအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ နန္နဝန်အသင်းမှ မြသလ္လာအသင်းအား ၅ ဂိုး -၂ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နန္နဝန်အိမ်ရာ အတွင်းနေထိုင်ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အရာထမ်း/အမှုထမ်းများနှင့် မိသားစုဝင်များ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် အိမ်ရာအတွင်းရှိ “မြတ်စေတနာအလင်းရောင်”စာကြည့်တိုက်သို့ရောက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စာကြည့်တိုက်တာဝန်ခံထံ သုတရသစာအုပ်/စာစောင်များ ဝယ်ယူနိုင်ရန်အတွက် ငွေကျပ် - ၁၀ သိန်းအား ပေးအပ်ခဲ့ကြပြီး စာကြည့်တိုက်အတွင်း သုတရသစာအုပ်စာစောင်များ စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြို့ပြနှင့်အိမ်ရာဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာအတွင်း နေထိုင်ကြသည့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းနှင့် မိသားစုများ ဈေးဝယ်ယူရာတွင် လွယ်ကူစွာဝယ်ယူနိုင်ရေးနှင့် မိသားစုများ၏ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက်ရည်ရွယ်ကာ မုံရွာမြို့နယ်၊ စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်ခဲ့သည့် ဈေးဆိုင်အခန်းပေါင်း ၄၀ ခန်းပါဝင်သည့် အလျား - ၆၀ ပေ၊ အနံ - ၄၀ ပေ၊ ဈေးရုံအဆောက်အဦ တည်ဆောက်ပြီးစီးမှုနှင့် ဈေးရောင်းချနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးရောင်းချနေသူများနှင့် ဈေးလာရောက်ဝယ်သူများအား ရောင်းဝယ်ရေးအခြေအနေများအား မေးမြန်းခဲ့ကြ သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ပြန်လည်ဖြေဆိုကြမည့် ခန္တီးမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၃၇၀ ဦးအား ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စခန်းသွင်း သင်ကြားပေးနေမှုများနှင့် ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံပညာမူ လတန်းကျောင်းများမှ ဆရာ/ဆရာမများအား ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်းသင်ကြားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးထံ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအတွက် စခန်းသွင်းသင်ကြားနေစဉ်ကာလအတွင်း စားသောက်စရိတ် ငွေကျပ်သိန်း- ၃၀၀ ကျပ်နှင့် ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း တက်ရောက်နေကြသည့် ဆရာ/ဆရာမများအတွက် ငွေကျပ်- ၃၀ သိန်းတို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းဝန်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများအား နေ့လည်စာကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)