ထားဝယ် မေ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ကျောက်ကပ်ဝေဒနာရှင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကျောက်ကပ်ဖောင်ဒေးရှင်းရန်ပုံငွေအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွက် လိုအပ်သော လိုအပ်ချက်တစ်ခုကို တစ်ထောင့်တစ်နေရာကနေ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဝိုင်းဝန်းဖြည့်စည်းပေးသည့်အတွက် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ကြောင်း၊ တိုင်းဒေသကြီးတွင် သာမန်ရောဂါကုသရေးအတွက် နိုင်ငံတော်က ဆေးရုံများတည် ဆောက်ပေးထားသည်များရှိသလို ပုဂ္ဂလိ က ဆေးရုံများလည်းရှိကြောင်း၊ တစ်ချို့ရောဂါများသည် ကုသပျောက်ကင်းပြီး ရေရှည်ကုသရသော ရောဂါများလည်းရှိကြောင်း၊ ယခင်က CT scan မရှိသောကြောင့် အခက်အခဲများစွာရှိခဲ့ပြီး ယခုအခါတွင် CT scan တပ်ဆင်လာနိုင်သောကြောင့် လုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် အဆင်ပြေလာကြောင်း၊ ကျောက်ကပ်ဝေဒနာသည်များအတွက် ကျောက်ကပ်သန့်စင်စက် ဝယ်ယူနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ မြိတ်မြို့တွင်ကျောက်ကပ်သန့်စင်စက်အား ပြည်သူ့ထည့်ဝင်ငွေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထားဝယ်တွင် ကျောက်ကပ်သန့်စင်စက် (၄)လုံး ရှိပြီး ကျောက်ကပ်ဝေဒနာသည် များလာသောကြောင့် မလုံလောက်သည်ကို တွေ့ရကာ ကျောက်ကပ်သန့်စင် စက်(၂)လုံး ဝယ်ယူရန် လိုအပ်လာသည်ကို တွေ့ရှိခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး ကျောက်ကပ်သန့်စင်စက်ဝယ်ယူနိုင်ရေး စီစဉ်ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ ကျောက်ကပ်ဝေဒနာသည်များသည် ပြင်ပပုဂ္ဂလိက ဆေးရုံတွင် ပိုမိုအကုန်ကျခံပြီး ကျောက်ကပ်ဆေးနေရသည်ကို သိရကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိသော ကျောက်ကပ်ဝေဒနာကို ကုသနေကြသည့်လူနာများ၏ လူမှုရေးအခက်အခဲများ၊ ရန်ကုန်နှင့်အခြားမြို့ကြီးများတွင် သွားရောက်ကုသရသည့် ကုန်ကျစရိတ် သက်သာစေရန် ကျောက်ကပ်ဖောင်ဒေးရှင်းကို တည်ထောင်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ကျောက်ကပ်ပျက်စီးရသည့် အကြောင်းအရင်းများကို ကျန်းမာရေးဦးစီးဌာနနှင့် ကျောက်ကပ်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများတို့က ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ကျောက် ကပ်ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် အလှူငွေထည့်ဝင်သည့် အလှူရှင်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က မတည်ငွေ ကျပ်သိန်း(၃၀၀)အား ပေးအပ်လှူဒါန်းရာ ကျောက်ကပ်ဖောင်ဒေးရှင်းဥက္ကဋ္ဌက လက်ခံရယူပြီး ကုမ္ပဏီ၊ လုပ်ငန်းရှင်၊ စေတနာရှင်နှင့် အလှူရှင်များ က အလှူငွေ စုစုပေါင်း သိန်း(၃၀၄၇) အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ကျောက်ကပ်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ သမားတော်ကြီး ဒေါက်တာဝင်းမြင့်က လက်ရှိဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး ကျောက်ကပ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌဦးအောင်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)