ထားဝယ် မေ ၁၆
“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကများဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူ ကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းမင်းလတ်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်တို့က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ကျောင်းအပ်နှံရေး ပိုစတာဆိုင်းဘုတ် အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။
ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာများ စိုက်ထူပေးထားခြင်းဖြင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏ သား၊သမီးများ ပညာတတ်မြောက်ရေး၊ အသက်အရွယ်နှင့် လိုက်ဖက်ညီစွာ ပညာသင်ကြားနိုင်ရန် ကျောင်းအပ်နှံရက်ကို အချိန်မီသိရှိစေပြီး မိမိတို့ရင်သွေး သား/သမီး ပညာရေးအတွက် ကျောင်းအပ်နှံနိုင်မည်ဖြစ်သည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရက်အား ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်အထိ သတ်မှတ်ထားပြီး မြေစိုက်ပိုစတာ ဆိုင်းဘုတ်တွင်လည်း ထည့်သွင်းဖော်ပြထားကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)