ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲ တက်ရောက်

ဘားအံ မေ ၁၆

 ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်၊ မြို့နယ်အဆင့် (၂)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှု စုပေါင်းသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက လှိုင်ကမ္ဘာကျေးရွာ၊ အောက်ရေတံခွန် တိုက်ကျောင်း၌ ကျင်းပရာ ကျေးရွာ ၂၃ ရွာမှ သင်တန်းသား၊ သင်တန်းသူ၊ နည်းပြ၊ အုပ်ချုပ်သူ စုစုပေါင်း ၈၃၅ ဦး စုပေါင်းသင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ နေ့ထူးနေ့မြတ် အခမ်းအနားများ ကျင်းပပြုလုပ်နိုင်ရန်နှင့် စာပေဘာသာစကားများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်လျာထားပြီး ဖြည့်ဆည်းကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားစာပေများကို ယခင်ကကျောင်းချိန်ပြင်ပတွင်သာ သင်ကြား ခဲ့ရပြီး ယခုအခါ ကျောင်းချိန်အတွင်းသင်ကြားနိုင်အောင် ခွင့်ပြုပေးထားပြီးဖြစ်ရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကရင်တိုင်းရင်းသားဘာသာ ကျောင်းသုံးပုံနှိပ်စာအုပ်ဆရာကိုင်နှင့် ကျောင်းသားကိုင်စာအုပ်များ ပုံနှိပ်ထုတ်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းပိတ်ရက် ကာလများတွင် မိမိတို့၏ စာပေကို လေ့လာသင်ယူခြင်းသည် မိမိတို့၏စာပေ၊ စကား၊ ယဉ်ကျေးမှု အမွေအနှစ်များကို တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ရာ ရောက်သကဲ့သို့ ကာကွယ်စောင့်ရှောက်ခြင်းလည်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကျင်းပရေးကော်မတီသို့ ငွေကျပ် သိန်း(၃၀)ကို ချီးမြှင့်ပေးအပ်ရာ ကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ချီးမြှင့်ပြီး သင်တန်းကျင်းပရေး ကော်မတီအတွင်းရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က သင်တန်းဘက်စုံထူးချွန်တံခွန်စိုက်ဆု၊ စာပေတံခွန်စိုက်ဆု၊ ယဉ်ကျေးမှုတံခွန်စိုက်ဆု၊ သင်တန်းစည်းကမ်းရှိမှု တံခွန်စိုက်ဆု ရရှိကြသည့် ကျေးရွာများအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ထို့နောက် စုပေါင်းသင်တန်းဆင်းပွဲတွင် ယဉ်ကျေးမှုတံခွန်စိုက်ဆုရရှိသော ကော့ပလံကျေးရွာဒုံးအဖွဲ့က ပြန်လည်ကပြဖျော်ဖြေရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို စည်းလုံးချင်းသည် အင်အားဟု အဓိပ္ပာယ်ရသော ကရင်တေးသီချင်းဖြင့် သီဆိုရုပ်သိမ်းခဲ့ကြသည်။

ကရင်စာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲအနေဖြင့် အောက်ရေတံခွန်တိုက်ကျောင်းတွင် မေလ ၁၂ ရက်နေ့မှစ၍ ဒုံးအကပြိုင်ပွဲ၊ ရာဓနာပြိုင်ပွဲ၊ တစ်ကိုယ်တော်အဆို၊ Group Song ၊ ကဗျာသရုပ်ဖော်နှင့် ကရင်ရိုးရာ တူရိယာများတီးမှုတ်ပြိုင်ပွဲ၊ သူငယ်တန်းမှစတုတ္ထတန်းထိ ကရင်စာပေပြိုင်ပွဲ၊ ပန်းချီ၊ စာစီစာကုံး၊ ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာရေးဖွဲ့ပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ပြီး ယနေ့စုပေါင်းသင်တန်းဆင်းပွဲတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)