ပွင့်ဖြူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပွင့်ဖြူ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများနှင့် မွေးကင်းစကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်သို့သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲလင်းတိုး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား တစ်အိမ်တက်ဆင်း သွားရောက်ပြီး မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်ရှောင်ရန်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေး အလေးထားဆောင်ရွက်ရန်နှင့် ခြင်/ပိုးလောက်လန်း မပေါက်ပွားစေရေး ပြုလုပ်ရမည့်အချက်များကို အသိပညာပေးဆွေးနွေးဟောပြော၍ နေအိမ်ခြံဝန်းများရှိ ရေသိုလှောင်ထားသည့် အုတ်ရေကန်၊ စဥ့်အိုး၊ စဥ့်ခွက်များတွင် ခြင်၊ ပိုးလောက်လန်းပေါက်ပွားမှုမရှိစေရေး အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာစာသင်ကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းနှင့် ခြင်/ပိုးလောက်လန်းနှိမ်းနင်းရေး အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )