သာယာဝတီမြို့၌ ပလတ်စတစ်ပစ္စည်းများ အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

သာယာဝတီ      မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် သာယာဝတီမြို့နယ်တွင် ၂၀၂၅ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်၉နာရီက သာယာဝတီမြို့နယ် မြို့မဈေးကြီးအတွင်း၊ အပြင်ဈေးဆိုင်တန်းများသို့ သွားရောက်၍ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ဈေးရောင်းဈေးဝယ် ပြည်သူများလက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

 အဆိုပါ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်တွင် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့၊ ပလတ်စတစ်ပစ္စည်းများ၏ဆိုးကျိုးများ၊ ပလတ်စတစ်ပစ္စည်းများအား ငြင်းပယ်သင့်သည့်အချက်များ၊ ပလတ်စတစ်ညစ်ညမ်းမှုအားတိုက်ဖျက်နိုင်သည့် နည်းလမ်းများအကြောင်း၊ ပလတ်စတစ်ပစ္စည်းများ ထုတ်ယူခြင်းအကြောင်း၊ ပလတ်စတစ်ပစ္စည်းများကို အသုံးပြုမှုများပြားလာခြင်းအကြောင်းများ စသည်တို့ပါဝင်သည့် လက်ကမ်းစာစောင်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်ဆက်)