မြန်အောင်မြို့ စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းကျင်းပ

မြန်အောင် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်က မြန်အောင်မြို့စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြန်အောင်မြို့နယ်စာရေးဆရာအသင်းနာယက ဦးသန်းညွန့်(ဇင်မင်း-သမိန်ထော)က ယခုလတွင်ဆွေးနွေးမည့် စာရေး ဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “လူငယ်တွေမေးကြတဲ့ ထွေထွေရာရာမြန်မာစာ” စာအုပ်ပါအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဦးဇော်မင်းထွန်းနှင့် Book Club အဖွဲ့ဝင်များက “စာရေးရင်စကားပြောသလိုရေးတာနဲ့ စာလိုရေးတာ ဘယ်ဟာပိုကောင်းပါသလဲ” ပြီးတော့မှ နေပြီးတော့မှ အရမ်းစကားရပ်တို့၏ အဓိပ္ပယ်နှင့် အသုံးပြုပုံများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး Book Club အဖွဲ့ဝင်များ၏ မြန်မာစာအရေးအသား၊ အပြောအဆို မှန်ကန်ရေး အတွေ့အကြုံများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

စာပေချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(၂)ဟင်္သာတမှ ရဲအုပ်လွှမ်းမိုးထွန်းက လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးမှု ဖြစ်နိုင်သော ပတ်ဝန်းကျင်အခြေအနေများ၊ လူကုန်ကူးမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် နည်းလမ်းများ၊ သတင်းပေးပို့ခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း အတတ်ပညာသာမက အသိပညာဗဟုသုတပြည့်စုံမှုဖြင့် ဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ပုံများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ဝေသော လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်