မကွေး မေ ၁၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၅)ကို ယမန်နေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဒုတိယ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ချမှတ်ထားသည့် မူဝါဒလမ်းစဉ် (၅၂)ချက်နှင့်ပတ်သက်ပြီး ကော်မတီဝင်များအနေဖြင့် အချက်(၁)ချက်ခြင်းအလိုက် အသေးစိတ်လိုက်နာပြီး တိုင်ကြားစာများအပေါ် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဖြေရှင်းပေးနိုင်ရန်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ လိပ်မူတိုင်ကြားထားသည့် အမှုတွဲ(၁၉၆)တွဲနှင့်ပတ်သက်၍ အမှုတွဲလက်ကျန်များ လျော့နည်းစေရန်အတွက် သက်ဆိုင်ရာခရိုင်များမှ ပိတ်သိမ်းအမှုတွဲ(၄၆)တွဲအား (၁/၂၀၂၅) အစည်းအဝေးတွင် အမှုတွဲ(၄၃)တွဲကို ပတ်သိမ်းရန်ဆုံးဖြတ်ခဲ့ပြီး၊ ကျန်အမှုတွဲ(၃)တွဲအား သက်ဆိုင်ရာခရိုင်များသို့ ပြန်လည်စိစစ်တင်ပြစေရန်ဟု ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထပ်မံ၍ တင်ပြလာသော ပိတ်သိမ်းအမှုတွဲ(၁၈)တွဲကိုလည်း ဒီကနေ့မှာ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမှုတွဲများအား ဖြေရှင်းဆောင်ရွက်ရာတွင် မူဝါဒ၊ လုပ်ငန်းစဉ် (၅၂)ချက်ဖြင့် ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ၊ ဖြေရှင်းပြီးဖြစ်သည့် ကိစ္စရပ်များကို ပိတ်သိမ်းသင့်သော အမှုတွဲအဖြစ် စာရင်းပြုစု ဆောင်ရွက်မှာဖြစ်ကြောင်း၊ ပိတ်သိမ်းမည့် အခြေအနေများကို တိုင်ကြားသူများအား နားလည်သဘောပေါက်အောင် ရှင်းလင်းစေခြင်း၊ နောင်အနာဂတ်တွင် ဆက်လက်အသုံးပြုမည့် အခြေအနေအရ မစွန့်လွှတ်နိုင်မှုကို တိုင်ကြားသူများအား နားလည်သဘောပေါက်အောင် ရှင်းလင်းစေခြင်း၊ သိမ်းဆည်းမြေများကို လက်ရောက်ရယူထားသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တရားဝင်ဌာန အမည်ပေါက် ပိုင်ဆိုင်ခွင့်ရရှိစေရေးတို့ကို တည်ရှိရာနေရာနှင့် လက်ရှိမြေအမျိုးအစား ပေါ်မူတည်၍ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ပြီးပြတ်အောင် ဆောင်ရွက်စေလိုကြောင်း၊ ခေတ်အဆက်ဆက် မြေသိမ်းမှုပြဿနာများကြောင့် တိုင်ကြားလာသည့် တိုင်ကြားစာများအား လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ရန်နှင့် တိုင်ကြားစာ လက်ခံရရှိပြီး အမှုတွဲဖွင့်လှစ်ထားသည့် အမှုတွဲများပြီးပြတ်စေရန်နှင့် လျော့နည်းစေရေးအတွက် လိုအပ်သည့် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို ဗဟိုကော်မတီ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်၊ အတည်ပြုချက်များဖြင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာကော်မတီ အဖွဲ့ဝင်များမှလည်း အမှုတွဲများအပေါ် ဝိုင်းဝန်းပြီး တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးမြင့်သန်းတို့က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြပြီး၊ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ တွဲဖက် အတွင်းရေးမှူး၊ ဦးကျော်ဝင်းက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု အမှုတွဲများနှင့်ပတ်သက်၍ Power Point ဖြင့် ဆွေးနွေးတင်ပြကာ၊ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဝင်များ၏ ဆွေးနွေးဆောင်ရွက်ချက်များအပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးတင့်လွင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်ညီညာ